ကျမ်းစာထဲမှာ ဖေါ်ပြသမျှထဲက နာမည်အကြီးဆုံး စကားက၊ ဘုရားသခင်က ယေရှုကို ဘာကြောင့်လောကမှာ စေလွတ်သလဲဆိုတဲ့ အရာကို ရှင်းပြတဲ့ကျမ်းပိုဒ်ပဲဖြစ်ပါတယ်။ အဲဒီမှာ ယေရှုကဒီလို ရှင်းပြ ထားတယ်။
“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကိုရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” ရှင်ယောဟန်ခရစ္စဝင်ကျမ်း ၃း၁၆
ခရစ်စမတ်ဖြစ်လာရတဲ့အဓိကအကြောင်းရင်းက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါ။ ဘုရားသခင်က ကျွန်တော်တို့အားလုံး၊ စာဖတ် သူအပါကို ချစ်လွန်းအားကြီးလို့ လောကကြီးမှာ လူ့ဇာတိခံပြီး ကြွလာ ပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့က သူ့ကိုလက်ခံ၊ သဘောပေါက်နိုင် ပြီး ပြန်လည်ချစ်နိုင်ဖို့ဖြစ်ပါတယ်။ ဓမ္မပညာရှင်၊ တွေးခေါ်ရှင်တွေကတော့ ဒါကို Incarnation လူ့ဇာတိခံယူခြင်းလို့သမုတ်ကြတယ်။ အကြောင်းရင်း ရှင်းရှင်းကတော့ ဘုရားသခင်ဟာ၊ ဘုရားဖြစ်ခြင်းကနေ လူသားတစ်ဦး အဖြစ် ကျွန်တော်တို့ကြားလာရောက်အသက်ရှင်လာပြီး၊ သူ့အားအမှန် နားလည်လာအောင်ကြွလာခြင်းပဲဖြစ်ပါတယ်။
အဲဒီမှာ … ဘုရားသခင်ဟာ ကျွန်တော်တို့ကို တိရိစ္ဆာန်တွေနှင့် မတူ ခြားနားတဲ့အသိကိုပေးပြီး၊ သူ့ရဲ့ချစ်ခြင်းမေတ္တာကို တုံ့ပြန်နိုင်အောင် လို့ ဖန်ဆင်းခဲ့တယ်။ သူရဲ့သဏ္ဍာန်တော်နှင့်အညီဖန်ဆင်းခဲ့တယ်။ အဲဒီ သဏ္ဍာန်တော်ဆိုတဲ့နေရာမှာ ဘုရားသခင်နှင့် တစ်ဦးချင်းဆက်သွယ် စကားပြော ပျော်မွေ့နိုင်တဲ့အစွမ်းကို ထည့်ထားပေးတယ်။ ပြီးနောက် ခရစ်တော်ကို စေလွှတ်ခြင်းအားဖြင့် သူ့ရဲ့ချစ်ခြင်းမေတ္တာကို နားလည် နိုင်ရန်နှင့် သူ့အားလိုအပ်ကြောင်းသိမြင်လာအောင် နေရာယူလိုက်တယ်။
အမှန်စင်စစ်၊ ကျွန်တော်တို့အနေဖြင့် ဘုရားသခင်ဖန်ဆင်းတဲ့ လက်ရာတော်တွေကို စူးစမ်းလေ့လာရုံဖြင့် ဘုရားသခင်အကြောင်း အနည်း အကျဉ်းတော့သိနိုင်ပါတယ်။ ဥပမာအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုရုံဖြင့် ကျွန်တော်တို့ရဲ့ဘုရားသခင်က ကွဲပြားခြင်းကို ချစ်မြတ်နိုး ကြောင်း သိနိုင်ပါတယ်။ တမူထူးခြားကွဲပြားတဲ့ စကြဝဠာတစ်ခုကို သူဖန်ဆင်းခဲ့တယ်။ ပတ်ဝန်းကျင်ကသစ်ပင်ပန်းမန်တို့ရဲ့ အကန့်အသတ်မဲ့ ရှိနေမှုကိုကြည့်ပါ။ တိရိစ္ဆာန်တွေ၊ ကျောက်တုံးတွေ၊ ရေခဲတောင်တွေ၊ ပြီးတော့ လူတွေ၊ အမွှာညီအစ်ကိုကအစ၊ လူတစ်ယောက်နှင့် နောက် တစ်ယောက် ထပ်တူကျပြီးတူညီတယ်ဆိုတာလည်းမရှိဘူး။ ဘုရားသခင် က လူရဲ့မျိုးရိုးဗီဇကို ပုံတူမကူးခဲ့ဘူး။ ကျွန်တော်တို့ တစ်ယောက်ချင်းစီ တိုင်းဟာ Original လူ၊ အတုမရှိအဖြစ် ဘုရားသခင်ကဖန်ဆင်းခဲ့ပါ တယ်။
ကျွန်တော်တို့ရဲ့ မြင်နေရတဲ့သဘာဝပတ်ဝန်းကျင်ကို လေ့လာ ရှုစားခြင်းအားဖြင့် ဘုရားသခင်ဟာ ဘယ်လောက်တန်ခိုးကြီးပြီး၊ စနစ်ကျ ၍ အလှအပကို ကြိုက်နှစ်သက်ကြောင်း နားလည်ရပါမည်။ သူဖန်ဆင်းခဲ့ တဲ့ ကျွန်တော်တို့ကိုကြည့်ပြီးလည်း ပျော်ရွှင်နေမှာဖြစ်ကြောင်းလည်း ကျွန်တော်တို့အားလုံးသိကြပါတယ်။ အဲသလိုမှ သူမပျော်ဘူးဆိုရင် … ကျွန်တော်တို့ကို ပျော်ရွှင်စရာအဖြစ်တွေ ဘယ်ပေးစရာလိုမှာလဲခင်ဗျ။
ဘုရားသခင်က … အရသာခံနိုင်တဲ့အရာကို ကျွန်တော်တို့အား ပေးခဲ့တယ်။ ပြီးတော့ တစ်ကမ္ဘာလုံးကို ချောကလက်၊ သစ်ကြပိုးခေါက်နှင့် အခြားအရသာစုံကို ကျွန်တော်တို့အားပေးခဲ့ပါတယ်။ မြင်နိုင်တဲ့စက္ခု အာရုံကို ပေးသနားခဲ့တယ်။ တကမ္ဘာလုံးကို သက်တံ့အလှနှင့် ခြယ်သခဲ့ တယ်။ စူးရှထက်မြက်တဲ့နားတစ်စုံပေးခဲ့ပြီး၊ လှပတဲ့သံစဉ်ဂီတတွေနှင့် ကမ္ဘာကိုဖန်ဆင်းခဲ့ပါတယ်။ စာဖတ်သူ ခင်ဗျားပျော်ရွှင်ကြည်နူးနိုင်ဖို့ စွမ်းအားဟာ ဘုရားသခင်ရဲ့ချစ်မေတ်္တာကို သက်သေပြခြင်းဖြစ်ပါတယ်။ တကယ်လို့ဘုရားသခင်က ကျွန်တော်တို့ကို မချစ်ခဲ့ဘူးဆိုရင် ကောင်းမွန် တဲ့အရသာတွေကို သူမဖန်ဆင်းခဲ့ရင်ဖြစ်ပါတယ်။ အရောင်တွေ မဖန်ဆင်း ခဲ့ရင်လည်းရတာပါပဲ။
သမ္မာကျမ်းစာထဲမှာတော့
“ငါတို့ ခံစားဘို့ရာ အလုံးစုံတို့ကို ကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမယ်အကြောင်း” ဆိုပြီး ရေးထားပါတယ်။ တိမောတေ သြဝါဒစာ ပထမစာစောင် ၆း၁၇
ဘုရားသခင်အနေနှင့် အဲသလောက်ကြီးတောင် ကျွန်တော်တို့ကို မပေးသင့်ပါဘူး။ မပေးလည်းရတာပါပဲ။ ဒါပေမယ့် သူပေးခဲ့တယ်။ အဲဒါ ကျွန်တော်တို့ကို ချစ်လို့ပါ။
ဒီလောကမှာ ခရစ်တော်ဆင်းကြွလာသည့်တိုင်အောင်၊ အဲဒီ အချိန်အထိ ကျွန်တော်တို့အနေနှင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သိနိုင်စွမ်း အားနည်းနေခဲ့ပါတယ်။ အဲဒီတော့ ဘုရားသခင်က သူကိုယ်တိုင် လောကထဲကို ဝင်ရောက်လာပါတယ်။ ဒီလိုဝင်ရောက်လာခြင်းဟာ သမိုင်းဝင်လျှင်ရှိပြီး၊ ဘယ်အရာနှင့်မှမတူနိုင်တဲ့ သမိုင်းပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပါတယ်။ အရင်ကအကြောင်းတွေနှင့် ဘယ်အရာမှမတူတော့။ သူ့အနေဖြင့် ကျွန်တော်တို့ကို ဆက်သွယ်နိုင်မည့်နည်းလမ်းပေါင်းများစွာ ရှိနိုင်သော်လည်း တခြားနည်းလမ်းကိုမရွေးဘဲ၊ လူသားများနှင့်မျက်နှာချင်း ဆိုင်တွေ့ဆုံခြင်းကို ရွေးချယ်လိုက်တယ်။
ဘုရားသခင်က ကျေးငှက်တွေနှင့် ဆက်သွယ်ချင်ရင်တော့ ငှက်တစ်ကောင်လို သူဖန်ဆင်းမှာပါ။ တိရိစ္ဆာန်တွေနှင့် စကားပြောချင်ရင် တိရိစ္ဆာန်အဖြစ်ဖန်ဆင်းမှာပါ။ ဒါပေမယ့် ကျွန်တော်တို့လူသားတွေကိုပဲ ဆက်သွယ်စကားပြောချင်တဲ့အတွက်ကြောင့် လူအဖြစ်ကြွလာခဲ့တယ်။ ကောင်းကင်တမန်လည်း မစေလွှတ်ပါ။ ပရောဖက်တစ်ပါးပါးကိုလည်း မလွှတ်ပါ။ နိုင်ငံရေးသမားတစ်ဦး၊ သံတမန်တစ်ဦးကိုလည်း မစေလွှတ်ခဲ့ ပါ။ သူကိုယ်တိုင်ဆင်းကြွလာတယ်။
အဲဒါကိုဒီလိုတွေးလို့ရတယ်။ စာဖတ်သူအနေနှင့်လူတစ်ယောက် ကို အရမ်းချစ်နေပြီဆိုရင် ကိုယ်စားလှယ်၊ အောင်သွယ်တော်လွှတ်ပြီး စကားမပြောခိုင်းသင့်ပါ။ ကိုယ်တိုင်သွားပြီး ချစ်ကြောင်းပြောသင့်ပါတယ်။ ဘုရားသခင်က အဲဒီနည်းသုံးခဲ့ပါတယ်။ ခရစ်စမတ်နေ့မှာ အဲဒီနည်းနှင့် ကျွန်တော်တို့ကို ချစ်ကြောင်းပြခဲ့ပါတယ်။
သမ္မာကျမ်းစာမှာ ဖေါ်ပြထားပါတယ်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” တဲ့။ “ဘုရားသခင်မှာ ချစ်ခြင်းမေတ္တာ ရှိတော်မူ၏” လို့မဆိုဘူး။ “ဖြစ်၏” တဲ့။ ချစ်ခြင်းမေတ္တာဆိုတာ ဘုရား သခင်ရဲ့အဖြစ်၊ ဂုဏ်အင်၊ အနှစ်သာရပါ။ သူရဲ့သဘောသဘာဝပါ။ အဲဒီ ဘုရားသခင်၊ ချစ်ခြင်းမေတ္တာက စကြဝဠာတစ်ခုလုံးရှိအရာတွေကို ချစ်မြတ်နိုးလျက်ရှိပါတယ်။ ချစ်လို့လည်း သူတို့တည်ရှိနေနိုင်ခြင်း ဖြစ်ပါ တယ်။
“ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှ တို့ကို သနားစုံမက် တော်မူ၏” ဆာလံ ၁၄၅း၉
စာဖတ်သူသေချာစဉ်းစားလိုက်ပါ။ ဘုရားသခင်အနေနှင့် သူ မချစ်ချင်ဘူးဆိုရင် သူဖန်ဆင်းခဲ့မှာ မဟုတ်ပါဘူး။ စာဖတ်သူမြင်နေရတဲ့ အရာတွေ၊ မမြင်နိုင်တဲ့အရာပေါင်းများစွာတွေဟာ ဘုရားသခင်က သူရဲ့ ပျော်ရွှင်ကြည်နူးဖို့ ဖန်ဆင်းတဲ့အရာတွေဖြစ်ပါတယ်။ အားလုံးကို ဘုရား သခင်ကချစ်နေပါတယ်။ ကျွန်တော်တို့ရဲ့အပြစ်တွေနှင့် ရှုပ်ထွေးနေသည့် တိုင်အောင်၊ ဘုရားသခင်ကတော့ ကျွန်တော်တို့ကိုချစ်နေမြဲပဲဖြစ်ပါတယ်။ အရာအားလုံးအတွက် သူ့မှာရည်ရွယ်ချက်ရှိနေပါတယ်။ ကြယ်တွေ၊ လတွေ၊ အပင်တွေနှင့် ဂြိုလ်တွေကအစ၊ တိရိစ်္ဆာန်များနှင့်လူတွေအဆုံး၊ ဘုရားသခင်ရဲ့သနားစုံမက်ခြင်းအောက်မှာ ဖန်ဆင်းခြင်းသာဖြစ်ပါတယ်။
စာဖတ်သူ ခင်ဗျားကို ဘုရားသခင်ကဖန်ဆင်းခြင်းဟာ သူရဲ့ အချစ်ကိုခံဖို့သက်သက်ပါ။ ခင်ဗျားကိုချစ်ဖို့သူ ခင်ဗျားကိုဖန်ဆင်းတယ်။ ခင်ဗျားဟာအသက်ရှင်နေတယ်၊ အသက်ရှူနေတယ်၊ အခုကျွန်တော့်ရဲ့ ဒီစာအုပ်ကို ဖတ်နေတယ်။ ခင်ဗျား အသက်ရှုတိုင်း၊ ရင်ခုန်နေတိုင်း၊ ဘုရားသခင်က ခင်ဗျားကို စကားတစ်ခွန်းအမြဲပြောပါတယ်။ I love you “မင်းကို ငါချစ်တယ်” လို့ ဘုရားသခင်ကပြောနေတာ။
တကယ်လို့ ဘုရားသခင်က ခင်ဗျားကို အလိုမရှိရင်၊ ခင်ဗျား လူတောင်ဖြစ်လာမှာမဟုတ်ဘူး။ စာဖတ်သူဝန်းကျင်မှာ တချို့မိဘတွေဟာ မတော်တဆ မိဘဖြစ်လာတဲ့လူတွေရှိကြပါတယ်။ ဒါပေမယ့် မတော်တဆ ကလေးမွေးလာတာမရှိပါဘူး။ မွေးဖွားလာတဲ့မိဘတွေက ကြိုတင် မပြင်ဆင်ဘဲ မတော်တဆ ကလေးမွေးတာဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘုရားသခင်က ပြင်ဆင်ခဲ့တယ်။ သူ့မှာအကြံအစည်တွေ ရှိခဲ့ပါ တယ်။
ကမ္ဘာမြေကြီးကို မဖန်ဆင်းခင်ကတည်းက စာဖတ်သူနှင့် ကျွန်တော်တို့ကို ကြိုတင်စဉ်းစားပြီးသားဆိုတာ စာဖတ်သူစဉ်းစားမိပါ သလား။ တကယ်တော့ ဘုရားသခင်က အဲဒီကမ္ဘာမြေကြီး၊ စကြဝဠာကို ဖန်ဆင်းတာာ ကျွန်တော်တို့အသက်ရှင်နိုင်ဖို့၊ ဝန်းကျင်အဖြစ်ဖန်ဆင်းတာ ရယ်။ သမ္မာကျမ်းစာထဲမှာ ဒီလိုဖေါ်ပြထားတယ်။
“နိမ္မိတ သတ္တဝါတို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ဖြစ်စေခြင်းငှာ၊ သမ္မာတရားစကား အားဖြင့် မိမိ အလိုတော်အတိုင်း ငါတို့ကို ဖြစ်ပွား စေတော်မူ၏” ရှင်ယာကုပ်သြဝါဒစာ ၁း၁၈
ဒီကျမ်းစကားဖေါ်ပြတာက ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့ ဟာ အရာအားလုံးထက်တန်ဖိုးရှိနေတယ်ဆိုတာပါပဲ။
ခင်ဗျားအပေါ် ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာဟာ အကန့် အသတ်မဲ့ဖြစ်နေတာကြောင့်၊ ခင်ဗျားကောင်းစားချိန်ဖြစ်ဖြစ်၊ ဝမ်းနည်းဖွယ် အချိန်ပဲကြုံကြုံ၊ ဘုရားသခင်ရဲ့အချစ်ကတော့ မပြောင်းမလဲရှိနေပါတယ်။ ခင်ဗျား ဘယ်လိုပဲခံစားပါစေ၊ စိတ်မပျော်မရွှင်ဖြစ်ပါစေ၊ ဘာတွေပဲလုပ်နေ ပါစေ၊ ဘာတွေပဲ စဉ်းစားနေပါစေ၊ သူ့အချစ်ကတော့ မပြောင်းမလဲပါပဲ။ စာဖတ်သူရဲ့ဘဝမှာ အရာရာပြောင်းလဲနေရင်တောင်မှ … ဘုရားသခင်ရဲ့ အချစ်ကတော့တည်မြဲလျက်၊ တည်ငြိမ်လျက်၊ ခိုင်မြဲလျက်၊ အစဉ်ထာဝရ မပြောင်းမလဲရှိနေပါတယ်။
ဘုရားသခင်ရဲ့ချစ်ခြင်း၊ ခင်ဗျားအပေါ်ကုန်ခမ်းသွားအောင် ရပ်တန့်သွားအောင် ခင်ဗျားဘာနှင့်မှလုပ်နိုင်မှာလည်းမဟုတ်ပါ။ ခင်ဗျား ဘယ်လိုပဲလုပ်ပါစေ၊ ခင်ဗျားပဲရှုံးနိမ့်မှာဖြစ်ပါတယ်။ အဲဒါဘာကြောင့် လည်းဆိုတော့ ဘုရားသခင်ရဲ့ချစ်ခြင်း၊ ခင်ဗျားကိုချစ်နေခြင်းဟာ သူရဲ့ ဂုဏ်အင်လက္ခဏာဖြစ်နေလို့ပါ။ ခင်ဗျားက ဘယ်လိုဘယ်လိုနေထိုင်လို့ သူခင်ဗျားကို ချစ်တာမဟုတ်၊ သူကချစ်ချင်လို့ချစ်တာ၊ သူရဲ့အဖြစ်အတိုင်း ခင်ဗျားကိုချစ်တာ ဒါကိုသမ္မာကျမ်းစာက ဒီလိုဆိုထားတယ်။
“ကိုယ်တော်နှင့် မသိနိုင်သော ခရစ်တော်၏မေတ္တာ တော်ကို သိနားလည်ခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ပြည့်စုံတော်မူ ခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏”
ဧဖက်သြဝါဒစာ ၃း၁၉
ဟုတ်ပါပြီ။ ဒီနေ့ကျွန်တော်တို့အားလုံး ခရစ်စမတ်ကို ကျင်းပ ကြပါတယ်။ ဒါပေမယ့် အမှားကြီးမှားတဲ့အချက်က ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ယေရှုခရစ်ကို ကလေးလေးတစ်ယောက်အဖြစ်သာ စွဲလမ်းပြီး၊ မိခင်ရင်ခွင်ထဲက ရင်ခွင်ပိုက်ကလေးအဖြစ်သာ မြင်နေခြင်းပါပဲ။ တကယ် လို့ ယေရှုခရစ်သာကြီးထွားခြင်းမရှိခဲ့ရင် သူလုပ်ခဲ့တဲ့အရာတွေကို မလုပ်ပဲ နေခဲ့ရင်၊ ကျွန်တော်တို့ရဲ့ဘဝကို ပြောင်းလဲပေးနိုင်စွမ်း သူ့မှာရှိနေမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ … ဗက်လင်မြို့မှာမွေးဖွားတဲ့ သူငယ်တော်ယေရှုဟာ ကလေးအတိုင်းရှိမနေဘဲ၊ လူကြီးအဖြစ်ကြီးပြင်းလာခဲ့တယ်။ ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်ပြီး ကျွန်တော်တို့အတွက် စံပြပုဂ်္ဂိုလ် ဖြစ်လာတယ်။ သမ္မတရားကို သွန်သင်ခဲ့တယ်။ ကျွန်တော်တို့ပြုခဲ့တဲ့ အပြစ်အတွက် လက်ဝါးကားတိုင်မှာအသေခံပြီး၊ အပြစ်ကြွေးကို ဆပ်ပေး ခဲ့ပါတယ်။ သူရဲ့သေခြင်းကနေ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုရား သခင်ဖြစ်ခြင်းကို သက်သေထူခဲ့တယ်။ နောက်တဖန် ကြွလာ၍ ကျွန်တော် တို့ကို ခေါ်ဆောင်မယ့်အကြောင်း မျှော်လင့်ခွင့်ပေးခဲ့တယ်။ ဒီအရာဟာ သတင်းကောင်းပါပဲ။
ရောမစစ်သားတွေက ယေရှုကိုလက်ဝါးကားတိုင်မှာ လှံနှင့်ထိုး ပြီး၊ ရိုက်နှက်တဲ့အချိန်မှာ ယေရှုရဲ့ရင်ခွင်တော်ကို ဆန့်နိုင်သမျှဆန့်ကြ တယ်။ ယေရှုကသူရဲ့ခန္ဓာကိုယ်ကိုဆန့်ပြီး သူ့ရဲ့အချစ်ကိုသက်သေထူခဲ့ တယ်။ မင်းတို့ကို ငါ “ဟောသလောက်ချစ်တာ” လို့ သူပြောပြနေတာပါ။ ငါနာကျင်မှုဝေဒနာခံစားနေလောက်အောင် သင်တို့ကို ချစ်နေတာလို့ သူ ပြောပြနေတာပါ။
စာဖတ်သူအနေနှင့် နောက်တစ်ခါ၊ ယေရှုရဲ့ပုံ၊ လက်ဝါး ကားတိုင်မှာ အသေခံနေတာတွေ့ရင် ဒီစကားလေးကို သတိရလိုက်ပါ။
“I love you this much”
“မင်းကို ငါက အဲသလောက်ကြီးချစ်နေတာ” လို့ ယေရှုက ပြောနေပါတယ်။